Pineapple


ဆား၊ သကြား၊ ဟင်းခတ်မှုန့်နဲ့ နှယ်ထားသော အသားချည်းပဲ အိုးကင်းတိုက်အပီး ….

၂ရေလောက်နဲ့ချက်အပီးမှာ ဗူးနဲ့လာတဲ့ နာနတ်သီးတွေကို ထည့်မွှေလိုက်တယ်။

ဝက်သားနာနတ်သီးဟင်း။ ဒီမှာ ချဉ်ရည်ဟင်း ချက်မရတော့ အချဉ်စားချင်လာလို့ ဒီဟင်းလေး ချက်စားဖြစ်သွားတယ်။

စိမ်းစားငပိကို oven အပေါ်မီးနဲ့ မဖုတ်ခင်

ငပိဖုတ်

နာနတ်သီးစိတ်၊ ငပိဖုတ် ကို အမှုန့်ဖြစ်အောင် ခြေထားတဲ့ ငပိ၊ ဆားနည်းနည်း၊ သကြားလေးနည်းနည်း၊ ငရုတ်သီး အကျက်မှုန့် အားလုံးပေါင်း နယ်ထားသော ( နာနတ်သီး ချို၊ ချဉ်၊ ငံ၊ စပ်)

FB မှ မခင်သန့်ဇင် သုပ်စားသော နာနတ်သီးသုပ်လေး Thanks for sharing.

Advertisements

မေမေ ရဲ့ သုံးနှစ်ပြည့် နှစ်ပတ်လည် ဆွမ်းကျွေးပွဲ



မေမေ ကောင်းရာသုဂတိလားပါစေ ……

မေမေရဲ့ ၆လပြည့် လပတ်လည်ဆွမ်းကျွေးပွဲ


မေမေ့ အရိုးပြာနဲ့ ပြုလုပ်ထားသော ကမ္မ၀ါကို ကောင်းမှုပြု သာဓုခေါ်ဖို့ ဘုန်းဘုန်း ရွှတ်ဖတ်နေချိန် ….

စာရေးဆရာမ – မီမိုး (အမေ့မှတ်တမ်း)

ကျွန်မတို့ မောင်နှမတွေကြားမှာ အမေမရှိတော့တဲ့ အချိန်မှစ၍ ခံစားမှုအသစ်၊ လုပ်ရပ်အသစ်၊ အပြုအမူ အသစ်တွေ ဖြစ်နေကြသည်။ ကျွန်မက ကျွန်မ သွားလေရာဝန်းကျင် တစ်လျှောက်မှာ အမေ့အရွယ်နှင့် အမေ့အရွယ်ထက် မိန်းမကြီးတွေကို မြင်လျှင် တမေ့တမြော လိုက်ကြည့်ဆန်းစစ်နေတတ်သည်။ သူတို့၏နုပျိုမှု၊ ဇရာထောင်းမှု၊ သူတို့၏အပြင်ပန်း အမြင်အရ ကျန်းမာခြင်း မကျန်းမာခြင်း၊ သူတို့တွေရဲ့ ပြောပုံဆိုပုံ ၀တ်စားဆင်ယင်ပုံ အားလုံးကို ကျွန်မ စိတ်ဝင်တစား ငေးကြည့် နေမိတတ်ပါသည်။

ကုန်ကုန်ပြောရလျှင် ဘုရားပွဲက ကောက်ညှင်း ကျည်တောက်သည်တောင်မကျန် ဈေးသည်တွေ အများကြီးထဲကမှ အသက်ကြီးသော ထိုအဘွားကြီးဆီမှာပဲ ၀ယ်ချင်နေမိသည်။ စကားလေး ရသလောက်ပြောချင်နေသည်။ “လက်ပံတန်းက လာရောင်းတာ။ အသက်ရှစ်ဆယ်ရှိပြီ။ ဒါတွေ အမေကိုယ် တိုင်လုပ်တာ”ဆိုသော ထိုဈေးသည်အဘွားကိုကြည့်ရင်း ခြောက်ဆယ့်ငါးနှစ်နဲ့ လူ့လောကကို နှုတ်ဆက်သွားသော အမေ့အတွက် ကျွန်မစိတ်တွေ မသာမယာ ဖြစ်ရပြန်သည်။ ဘာရယ်မဟုတ် ဈေးသည် အဘွားကို “အမေ”ချင်းလှိုင် နေအောင် ခေါ်ဖြစ်ခဲ့ကာ ဈေးလျှော့ပေးနေသည့်ကြားက ပိုပိုသာသာတွေ ပေးဖြစ်ခဲ့ပြန် တာမို့ ဘေးနားမှာ လိုက်လာသည့် သမီးငယ်က နားမလည်သလို ကြည့်နေသည်။

သမီးငယ်ကသာ နားမလည်ခဲ့သော်လည်း ပွဲဈေး အပြန်လက်ဆောင်အဖြစ် အစ်မကို ကျွန်မ ကောက်ညှင်းကျည်တောက် သွားပေကာ “အဘွားကြီးဟယ်၊ လက်ပံတန်းကတောင် လာရောင်းတာ”တဲ့ဟု စကားစရုံ ရှိသေး “အေးလေ၊ ကျန်းမာတဲ့သူတွေကျတော့လည်း ဒီအရွယ်ထိ လုပ်နိုင်ကိုင်နိုင်တယ်နော်။ အမေ့ကျတော့လည်း”ဆိုကာ စကားမဆက်ခဲ့ပါ။ ဒါသည်ပင် ကျွန်မတို့ ညီအစ်မချင်းကြားမှာ အမေနှင့်ပတ်သက်ပြီး ဆက်သွယ်မှုလှိုင်းတွေရှိ နေခဲ့တာ အသိသာကြီးပင်။ အစ်မကတော့ ကျွန်မထက် တစ်မူထူး နေပြန်သည်။ အမေဆုံးပြီးမှ သူ၏ပြောင်းလဲမှုက ရပ်ကွက်ထဲကလူကြီးများ၏ ကျန်းမာရေးကိစ္စ၊ နာရေးကိစ္စများကို စိတ်ဝင်စားတတ်လာခြင်းပင်။ ဘယ်သူ နေမကောင်း လို့တဲ့ဟူသော အသံကြားရုံနှင့် အိမ်ဆိုအိမ်၊ ဆေးရုံဆိုဆေးရုံ လူနာနှင့် လိုက်ဖက်သော အစားအသောက်များယူကာ သွားရောက် အားပေးလေ တော့၏။ သူ ပြန်လာလျှင် လည်း သူ တွေ့ခဲ့သော လူကြီးသူမများ၏ အကြောင်းကို စိတ်မကောင်းဟန်နှင့် တဖွဲ့တနွဲ့ပြောပြတတ်သည်ကို ကျွန်မကလည်း ဘာအလုပ်မှမလုပ်ဘဲ စိတ်လို လက်ရ နားထောင်ဖြစ်ခဲ့ပါသည်။ ဒါသည်ပဲ ကျွန်မတို့၏ အလွမ်းဖြေမှု ပြယုဂ် မဟုတ်ပေလား။

အစ်ကိုလတ် ကျပြန်တော့ ပြောင်းလဲမှုက ထူးသည်။ အမေဆုံးပြီး မကြာခင်မှာပဲ ကားတစ်စင်း ကောက်ဝယ်ကာ ထိုကား၏ ပြင်မှုဆင်မှုနောက်ကို ကောက်ကောက်ပါအောင် လိုက်ပြီး သူ့အချိန်တွေ စိတ်တွေကို ဖြုန်းတီးနေလေတော့၏။ သူက နဂိုတည်းက ကား မောင်းတတ်သူ မဟုတ်လေတော့ သူ့အတွက် လေ့လာ လိုက်စားစရာ အချိန်ဖြုန်းစရာတွေက များပေသား ကလား။ ကျွန်မတို့ ညီအစ်မ နှစ်ယောက်ကတော့ သူနဲ့ ထိုကား နပန်းလုံးပြီး အချိန်တွေကုန်နေတာကို မြင်တိုင်း အမေ့အလွမ်းတွေကို ကားပေါ်မှာ အာရုံပြောင်းနေသည် ရယ်လို့ပဲ ရှင်းရှင်းပြတ်ပြတ်ကြီး သိနေရဲ့နှင့် မသိချင် ယောင်ဆောင်ထားကြရပေသည်။

သုံးဆယ်ကျော် လေးဆယ်တန်းဝင် သားသမီးတွေ၊ ကိုယ်ပိုင်မိသားစု အသီးသီးရှိကြပြီးဖြစ်တဲ့ သားသမီးတွေဖြစ်နေကြသော်လည်း အမေနှင့် ပတ်သက်လာလျှင် ကျွန်မတို့တွေ မရင့် ကျက်နိုင်ကြသေးတာကို အမေသေဆုံးပြီးခါမှပဲ ကိုယ့် ကိုယ်ကို သတိပြုမိတော့၏။ ဒီဝန်ခံစကားကို အမေကြားနိုင်ခဲ့မယ်ဆိုရင် ပြုံးနေကျ အပေါ်စီးအပြုံးကြီးနှင့် ခပ်ထေ့ထေ့ ပြုံးကြည့်နေဦးမည် ထင်ပါသည်။ အမေဆုံးပြီးခါမှ ပုံကြီးချဲ့ထားသော ဓာတ်ပုံထဲက အမေ့အပြုံးကို မြင်တိုင်း အစ်မပြောနေကြ စကားတစ်ခွန်းရှိသည်။ “ကြည့်စမ်းပါဦး မူမူရယ်၊ နင့်အမေမိုက်ဂိုက်ကြီးနဲ့ ပြုံးနေတာနော်”တဲ့။ အစ်မ စကားက ဓာတ်မသိသူ အတွက် တစ်မျိုးကြီး ယူဆနိုင်ပေမယ့် အစ်မပြောသလို ကျွန်မတို့ အမေရဲ့အပြုံးက တကယ့်ကို မိုက်ဂိုက်ကြီးနဲ့ ပါ။ မပြုံးချင်သလို ပြုံးချင်သလို နှုတ်ခမ်းထောင့်လေး တွန့်ရုံ ပြုံးတတ်တာဟာ အင်မတန်မှ ပဲများအလှကြိုက်ပြီး သူ သိထားတာ သိပ်မရှိပေမယ့် တလောကလုံးကို ခါးစောင်းတင်နိုင်သလို ဟန်ဆောင်တတ်တဲ့အမေ့ရဲ့ မူပိုင် အိုက်တင်ပင် ဖြစ်တော့၏။ တကယ်တော့ အဲ့ဒီဓာတ်ပုံဟာ အမေတစ်ယောက်တည်း သီးသန့် အရိုက်ခံခဲ့ခြင်း မဟုတ်ပါ။ ချောင်းသာမှာ မိသားစုတွေ အားလုံး အပျော် ခရီးထွက်ကြတုန်းက မိသားစု စုရိုက်ခဲ့တဲ့ပုံထဲက တစ်ပုံကို အမေတစ်ယောက်တည်းပုံ ထွက်အောင် ကွန်ပျူတာနဲ့ ဖန်တီးခဲ့ခြင်းပင်။

ရွှေသိပ် ကြိုက်သော အမေ့ထုံးစံ အတိုင်း အမြင်ရိုင်းလောက်အောင်ပင် ဆွဲကြိုးကြီးကြီး၊ ဒင်္ဂါးပြားဆွဲသီးနှင့် လက်ကောက်တွေ ထပ်ဝတ်ထားသော အမေ့ပုံစံက တကယ့်ကို မာန်အပြည့်၊ ဟန်အပြည့်။ ဒါပေမယ့် ဓာတ်ပုံထဲမှာသာ ဟန်တွေမာန်တွေ ထည့်ထားသော်လည်း တကယ်တမ်း အမေ့မှာ ရောဂါ အဆောက်အအုံက ထုနဲ့ထည်နဲ့ ရှိနေခဲ့ပါပြီ။ ဆေးရုံကို ငါးကြိမ်လောက်တက်ထားခဲ့ပြီး အသည်းကို သွားသည့်သွေးကြောတွေ ထပ်မပေါက်အောင် မနည်းကို ကုသထားခဲ့ရတာပါ။ ပြီးတော့အမေ့ရဲ့ အသည်းခြောက်သည့် အဆင့်ကလည်း တော်တော့်ကို ကျယ်ပြန့်နေသည့်အချိန်၊ အားလုံးက လမ်းခရီးမှာ အချိန်မရွေး ထဖောက်နိုင်တာ သိသော်လည်း ပါစေချင်လွန်းလို့ ရွှေမင်းသမီးလေး တစ်ပါးလို တယုတယခေါ်ခဲ့ကြတာ။ အမေကတော့ အားလုံးရဲ့ ဂရုစိုက်မှုတွေကို ခံစားပြီး ပတ်ဝန်းကျင်က အားကျတဲ့အကြည့်တွေကို ခံယူလို့ အရမ်းကို ရှိုးစမိုး ကောင်းစွာနဲ့ ခရီးစဉ်တစ်ခုလုံး အပြုံးမပျက် ချီတက်ခဲ့လေသည်။ သားတွေသမီး တွေမြေးတွေ ရေထဲဆင်းနေ ချိန်မှာ ဟိုတယ်အခန်း ၀ရံ တာကနေ ခပ်ပြုံးပြုံးနဲ့ ကြည့် နေတဲ့ အမေ့ဟန်ပန်ကို ခုပြန်တွေးကြည့် ခုများမြင်ယောင် ပါရဲ့။ ရေထဲမဆင်းတဲ့ အမေက အလှစီးလှည်းယာဉ် ကျတော့ လိုလိုချင်ချင်ပဲ လိုက်စီးခဲ့တာမို့ အားလုံး မှတ်မှတ် ရရ ပျော်ဖြစ်ခဲ့ကြရသေးသည်။ လှည်းပေါ်ရောက်ဖို့ ခုံပုကလေးကနေတစ်ဆင့် ကြိုးစားပမ်းစားတက်နေတဲ့ အမေ့ကို “အမေ ပင်လယ်လေက အရမ်းသန့်တယ်။ ရင်ထဲ ထိရှိုက်ရှူ”လို့လည်း ဆိုလိုက်ရော တက်နေရင်း တန်းလန်းက “အား”ခနဲ ရှူလိုက်တာမို့ လှည်းပေါ် မရောက်ဘဲ ပြုတ် ကျတော့မလို ဖြစ်ခဲ့ရတာမို့ ပြောမိတိုင်း ပြန်ရယ်ဖြစ်ကြရပြန်၏။

အမေဆုံးပြီးသည့် အချိန်မှစ၍ အမေ့အကြောင်းပြန် တွေးတိုင်းပြန်ပြောတိုင်း မောင်နှမတွေ စိတ်မကောင်းစရာတွေ ထည့်မပြောဖြစ်။ ရယ်စရာ၊ မောစရာဘက်ကို ရောက်အောင် လှည့်ပတ် ပြောကြ၊ ရယ်ရလွန်း၍ မျက် ရည်စို့သည့်အိုက်တင်မျိုးနှင့် ကျချင်သည့်မျက်ရည်ကို ခိုး သုတ်တဲ့အိုက်တင်လည်း အားလုံး ကျွမ်းကျင်ကုန်ကြ ပေပြီ။ အမေကိုယ်နှိုက်က မျက်ရည်လွယ်တတ်သူမဟုတ်။ မျက်ရည်ကျသည်ကို မကြိုက်သူမို့ မောင်နှမတွေ အမေ့ကိုလွမ်းတိုင်း မျက်ရည် စို့အောင် ရယ်စရာများပြောကာ လွမ်းဖြစ်ကြသည် ထင်ပါရဲ့။ အမေ အသည်းအသန် ဖြစ်နေချိန်မှာ အမေချစ်သော အမေ့မောင်လေး လေးစိုး တစ်ယောက် နယ်မှရောက်လာချိန် အမေ ရှားရှားပါးပါး မျက်ရည် ကျခဲ့ရှာသည်။ အမေ့မျက်ရည်ကို မကြည့်ရက်သော ကျွန်မတို့က ဟီး ဟီးဟားဟားတွေ လျှောက် ပြောကာ ရယ်စရာတွေ လျှောက်လုပ်တော့ အမေ့မှာ မျက်ရည်ပင် ဆုံးအောင်မကျ လိုက်ရ။ သူ့ခေါင်းတုံးလေး တွေကိုပွတ်ကာ ” အာ ဒီကောင်မတွေ ရယ်နေတာလဲ”ဟု စိတ်ရှုပ်စွာပြောရင်း တစ်ဖက်ကိုလှည့် သွားရှာ သည်။ လေးလေးစိုးကတော့ မမြင်တွေ့ကြသော ကာလ အတွင်း သူ့အစ်မ၏ ပြောင်းလဲသွားသော ဇရာနှင့် အလှ ကို စိတ်မကောင်းခြင်း ကြီးစွာဖြစ်လို့ရယ် အသည်း ခြောက်ရာမှသည် ကင်ဆာဘက်ကို ကူးပြောင်းခဲ့ပြီဖြစ် သည့် အမေ့ကျန်းမာရေးက သူမ၏ လှပထူထဲသောဆံပင် များကို အဆုပ်လိုက် အဆုပ်လိုက် ကျွတ်စေခဲ့သည်မှာ ကျွန်မကိုယ်တိုင် ခေါင်းတုံး တုံးပေးလိုက်ရသည့်အထိ ပင်။ တဖြည်းဖြည်း ပိန်လိုက်လာသော အမေ့ခန္ဓာကိုယ်ကို ကြည့်ကာ ရင်ထဲမှာ ဆို့နင့်နေသော်ငြား “မျက်နှာ လေးနဲ့ ခေါင်းတုံးလေးနဲ့ဆို တော့ ဂန္ဓီနဲ့တူတယ်။ အိန္ဒိယ ခေါင်းဆောင်လေး ငါတို့အိမ် မှာဟေ့”လို့ ကျွန်မတို့စလျှင် အမေ မျက်စောင်းထိုးနိုင်ခဲ့ သေးသည်။

ကင်ဆာဆိုလျှင် ဆုံးကာနီး အော်ဟစ်နေရတာပဲဆိုသော ဟိုကဒီက စကားတွေ ကိုကြားတိုင်း ကျွန်မတို့ရင်ထဲမှာ မီးစနှင့်ထိုးသည့်ပမာ။

အမေ့ကို တောက်လျှောက် တာဝန်ယူကုသခဲ့သော ဆရာဝန်ကြီးက အလွန်ဆုံး ခြောက်လပဲဟု ဆိုသည့်အချိန် ကျွန်မ တို့ ဘာလုပ်ရမလဲ၊ တစ်ယောက်နှင့်တစ်ယောက် ဖွင့်မတိုင်ပင်ဖြစ်ပေမယ့် ကိုယ့် အလုပ် ကိုယ် လုပ်ဖြစ်ကြသည်။ အစ်မက အမေ့အနားမှာ သူ ဂျူတီကျချိန်တိုင်း အမေ မခံချင်ဖြစ်အောင်၊ အမေ ဒေါသတွေထွက်ပြီး စကားတွေပြောလာအောင် ဆွဆွပေးကာ အမေ့ကို လူကောင်းတစ်ဦးပမာ ဆက်ဆံသည်။ အမေနှင့် အစ်မက ဘ၀တစ်လျှောက်လုံးမှာ မတည့်အတူနေမို့ အစ်မ ဒီလို လုပ်ပေးမှပဲ အမေက သူ့ ကိုယ်သူ လူကောင်းတစ်ဦး လို့ ထင်တော့မှာလေ။ အစ်မ နှင့်အမေ ဘုနှင့်ဘောက် ပြောနေသံကို နားထောင်ရင်း ကျွန်မနှင့်အစ်ကိုတို့ မျက်ရည် မကျအောင် တင်းထားမိကြ မြဲ။ ညနေ ရုံးပြန်ချိန်ဆို အမေ့ အနားမှာ ကျွန်မ ဂျူတီရောက် ပေပြီ။ “အမေ ဒီနေ့ နေကောင်းတယ်။ ငါတို့ သူ့ဆီး အိုးတည့်အောင် မခံပေးလို့ ဆိုပြီး ဆွဲလိမ်တာ အားတွေ ပါတယ်ဟဲ့”ဟု အစ်မက အပျော်နဲ့ပြော၊ ကျွန်မက မျက်နှာမှာပြုံးလို့ရယ်လို့ အမေ့အနားရောက်ရပြီ။ အမေ အ၀င်ခက်သောဆေးတွေကို ချော့ကာမော့ကာတိုက်ရင်း “ခေါင်းတုံးလေး၊ သမီးလေး လုပ်မှာလား အမေလုပ်မှာ လား”မေးရင် “သမီးလုပ်မယ်” ဟု ဗလုံဗထွေးသံလေးနှင့် ပြန်ဖြေတတ်မြဲ။ ဒီလို အချိန် တွေဆို ကျွန်မ အမေ့ကို လှည့်ပတ်ပြီး ရယ်စရာတွေပြောလို့ အမေ့မျက်နှာလေး ကြည်နေလျှင် အမေ့ရင်ဘတ်ပေါ် လက်အုပ်လေးချီတင်ကာ ကျွန်မပါးစပ်ကနေ အမေ့ အစား ဘုရားရှိခိုးပေးရပေ ပြီ။ ဆုံးခါနီး နှစ်ပတ်လောက်အလိုထိ အမေ သတိ ကောင်းသေးတယ်။ ကျွန်မ ဘုရားရှိခိုးတာကို အာရုံပြုနိုင်သည်။ သာဓုခေါ်နိုင်သည်။ ရုံးမှာ တစ်နေကုန်မော လာခဲ့သော ကျွန်မအနေနှင့် ညကိုးနာရီကျော်လျှင် အမေ့ အနားမှာ မနေနိုင်တော့ အိပ် ချင်ပြီ။ ဒီချိန်သည် သူ့ဆိုင် ပိတ်ပြီးပြန်လာသော အစ်ကို့ အလှည့်ပင်။ အစ်ကို့ကျတော့ သူက ဂမ္ဘီရသမား။ အမေ့ကို နေ့တိုင်း အသက်ဆက်ပေး သည်ဆိုကာ ဘုရားစာများ ရွတ်၊ အမေ့ခုတင်ဘေး တင် ပျဉ်ခွေမတ်မတ်ကြီးထိုင်ပြီး မျက်စိမှိတ် လက်ကိုဆန့်တန်း လို့ အမေ့ရင်ဘတ်ပေါ် သူ့လက်တင်ကာ ဓာတ်ကူး တော့သည်။ သူ့သားလုပ်နေ ပြီဆိုရင် ယုံယုံကြည်ကြည်နဲ့ ငြိမ်ငြိမ်လေးနေပေးသူ အမေ့ ရင်ထဲမှာ ထိုစဉ်က ဘယ်လို တွေးနေမလဲ။ မဖြစ်နိုင်တော့ မှန်း သိလျက်နဲ့ အမေအားရှိ အောင် ဟန်ဆောင်လုပ်ဇာတ် ဆင်နေသော အစ်ကို့ရင်ထဲမှာ ဘာတွေရှိနေမလဲ။ အစ်မနှင့် ကျွန်မကတော့ မျက်တောင်သာ နာနာခတ်ရင်း ကွယ်ရာမှာ မမြင်ယောင်ပြုနေဖြစ်ကြမြဲပင်။

အမေ့အနေအထားကို ကျွန်မတို့ စိုးရိမ်ရလေလေ ဒီတိုင်းဟန်ဆောင် ရယ်မော မနေသင့်ကြတော့။ အမေ့ အတွက် တစ်ခုခုလုပ်ပေးချင်နေသောစိတ်တွေတားဆီး မရ။ လူက ရုံးသွားဖို့ထွက် လာသော်လည်း ခြေလှမ်းက ဘုန်းကြီးကျောင်းတစ်ခုထဲ ရောက်သွားသည်။ တကယ်တမ်းဆို ဘုန်းကြီးကျောင်းတွေ ဆရာတော်ကြီးတွေနဲ့ ကျွန်မ စိမ်းပါသည်။ အမေ့ ဇောနှင့် ကျောင်းထိုင်ဆရာတော်ကြီးကို သင်္ကန်းကပ်ချင် ကြောင်း၊ ကျောင်းအတွက် န၀ကမ္မကပ်ချင်ကြောင်းတွေ ငိုချင်စိတ်ကိုထိန်းကာ လျှောက်ဖြစ်သည်။ မနက်ဖြန်ဟု ရက်ရခဲ့ပြီး ရုံးကိုမသွားဖြစ်တော့။ အကောင်းဆုံး သင်္ကန်းဝယ်၊ ဟင်းချက်စရာ တွေဝယ်နှင့် မောင်နှမတွေ အလုပ်ရှုပ်သွားခဲ့ကြသည်။ နောက်တစ်နေ့မနက် ဘုန်းဘုန်းတွေ ကြွလာချိန်မှာ ကျောင်းထိုင်ဆရာတော်ကြီး ပါပါလာသည်မို့ အမေ့ အတွက် ပျော်လို့မဆုံးတော့ပါ။ တကယ်ဆို ကျွန်မ လျှောက်ခဲ့ချိန်က ကျောင်းက ကြိုက်တဲ့သံဃာ ကြွရန်သာ လျှောက်ခဲ့ခြင်းပါ။ ကျွန်မရဲ့ အပူမီးကို ကရုဏာထားသော ဆရာတော်ကြီးက ကိုယ်တိုင် ကြွလာခဲ့ပြီမို့ အမေ့အလှူ အတွက် ကျွန်မ စီစဉ်ရကျိုး နပ်ပြီပေါ့။ ဆရာတော်တွေ တရားပေး၊ အလှူလက်ခံ၊ ဆွမ်းဘုန်းပြီးချိန်မှာ အမေ အတော်မောနေပြီ။ ဘယ်သူ့မှ မဖိတ်ဘဲ မိသားစုတွေကြီးပဲမို့ မိသားစုတွေစားကြသောက်ကြတဲ့အချိန် “ဆရာတော်တွေ တော့မသိဘူး၊ အမေ့ပုစွန်ထုပ် အလှူဟင်းက သာဝကကြီးတွေ အကြိုက်ပဲဗျာ”ဟု အစ်ကိုက အမေ့ကို နောက်တော့ မောနေသည့်ကြားက ပြုံးနေပြန်သည်။ အဲဒီနေ့ညမှာ အမေမှတ်မှတ်ရရ ပြောသည့် စကားက “သားတို့သမီးတို့ကို အမေ ကျေးဇူးတင်လိုက်တာ။ အမေ အဲ့လိုလှူချင်နေတာ၊ အားလုံးပင်ပန်းနေလို့ မပြောရက်လို့”တဲ့လေ။ အမေ့ရှေ့မှာ မထိန်းနိုင်ဘဲ ကျွန်မမျက်ရည် ကျမိတာ အဲဒီတစ်ခါတည်းပါ။

ဆုံးခါနီး ငါးရက်အလို မှာတော့ အမေ အပေါ့၊ အလေးမထိန်းနိုင်တော့ပြီ။ တစ်ခါတလေ ခုတင်ဘေးက ဆီးအိုးတောင် မလှမ်းနိုင်သေးခင် ခုတင်ပေါ်မှာ အညစ် အကြေး စွန့်ပြီးနေပြီ။ သို့သော်လည်း အမေ့ကိုယ့်မှာ ချေးနံ့သေးနံ့မရှိ။ တစ်ခါပါ တစ်ခါသန့်ရှင်းရေးလုပ်၊ ထဘီအသစ်တစ်ခါလဲပေး၊ နံ့သာဖြူ ပေါင်ဒါတွေဆွတ်နှင့် ခုတင်လေးက အမြဲတမ်းမွှေး ပျံ့နေသည်။

အဲ့ဒီရက်ပိုင်းတွေမှာတော့ အမေ့မှာ သားနှင့် သမီး ချစ်ခြင်းမုန်းခြင်းများ ကင်းခဲ့ပြီ ထင်သည်။ သူ့စိတ်အာရုံတွေ ဘယ်ဆီကိုရောက် နေပြီမသိ။ ဘယ်သူ့မှမခေါ်၊ ဘယ်သူ့မှမတဘဲ ငြိမ်သက်စွာ လှဲနေတတ်သည်မှာ တစ်နေကုန်။ ရေတိုက်လျှင် သောက်သည်။ အစာကျွေး လျှင် ခေါင်းခါသည်။ မျက်လုံး အကြည့်တွေ ရီဝေေ၀ အသိမရှိတော့သလိုပင်။

အစ်မက အမေ့ခုတင်ဘေး သွားကာ မခံချင်အောင် စလျှင် နောက်လျှင်တောင် အရင်ကလို သူ့ခေါင်းတုံး လေးပွတ်ကာ စိတ်မတိုနိုင် တော့။ မကြားသလို၊ ဒီလိုနဲ့ပဲ အမေ ဆုံးမည့်ရက်မှာတော့ အသက်ရှူရခက်သည့်ပုံ ပြ သည်မို့ အောက်စီဂျင် ခေါ်ရသည်။ အနီးစပ်ဆုံး ပုပ္ပါး ဆေးခန်းမှ ဆရာဝန်ကို အိမ်ပင့်ကာ အမေ့ရောဂါရာဇ၀င် ကိုပြောပြပြီး လိုအပ်တာများ ရှိရင် ညွှန်ကြားဖို့ပြောတော့

ဆရာဝန်မှ ဆေးတစ်လုံးထိုး ပေးသည်။ တကယ်တော့ အမေ့အတွက် အဆင်ပြေဆုံး အမောပြေစေဖို့ဆေးပဲ ဖြစ်မည်ထင်ပါရဲ့။ အောက်စီဂျင် ရှူကာ ဆေးထိုးလိုက်သည့် အချိန်မှစပြီး အမေ့မျက်နှာ လေးကြည်လာကာ အမော သက်သာလာသည်။

ဒီချိန်မှာ ပုံပြောကောင်းတဲ့ကျွန်မက အမေ့ဘေးမှာ ညင်ညင်သာသာလေး ထိုင်ကာ ပုံတွေစပြောရပါတော့သည်။ “ခေါင်းတုံးလေးရေ အမေနဲ့မူမူနဲ့ ဘုရားတက်ကြမယ်နော်၊ ဟော ဘုရားကို ရောက်ပြီ။ အရမ်းကြည်ညို စရာကောင်းတာပဲ အမေကြီး ရယ်။ လက်အုပ်ချီပြီး အာရုံပြုရအောင်နော်။ အမေကြီး ဟိုဘက်ထောင့်မှာ ပရိတ်အဖွဲ့တွေ ပရိတ်ရွတ်နေကြတယ်တော့။ ခဏလေးထိုင် နားထောင်ရအောင်နော်” ကျွန်မ စကားဆုံးတာနှင့် ဘေးနားမှ ငြိမ်ငြိမ်လေး လာကြည့်နေသောယောက်မက အလိုက်သိစွာပဲ ကျွန်မနဲ့ သံပြိုင် ပရိတ်လိုက်ရွတ်ပေး ခဲ့ပါတော့၏။

“ဆွမ်းကပ်လိုက်ဦးလေ”တဲ့။ သေအံ့မူးမူးမိခင်ရဲ့ ဗလုံးဗထွေးစကား။ ကျွန်မ ရဲ့ပုံပြင်မှာ အမေဟာ ကျေးဇူး တင်စရာစီးမျောခဲ့ပြီပေါ့။ အစ်ကိုကလည်း ကျွန်မအနေ အထားကိုကြည့်ပြီး နားခွင့် ပေးတဲ့အနေနဲ့ သူ့အိမ်ကယူ လာတဲ့ သာမညဆရာတော်ကြီးပုံကို အမေမြင်သာအောင် ထောင်ပြီး ဆရာတော်ကြီးပဲ အမေ့ရှေ့ကြွလာသလိုမျိုးဖြစ်အောင် တိုးတိုးလေးဝင်ပြော ပေးလိုက်ပါသည်။
အမေ့ မျက်လုံးအိမ်တွေ သိပ်မလှုပ်တော့။ ပါးစပ်က အသက်ရှု သည်ဆိုရုံလေး လှုပ်ခဲ့နေသည်။ တစ်နေရာတည်းမှာ ငြိမ်သက်နေသော အမေ့မျက်ဝန်းကြည့်က ဆရာတော့် ဓာတ်ပုံဆီမှာ တည့်မတ်နေ လိုက်ပုံများနှယ်၊ ငေးကြည့် နေသောမျက်ဝန်းအစုံ လက်ခနဲဖြစ်သွားလိုက်တာ အစ်ကိုရော ကျွန်မရောရဲ့ အမြင်ပါ။

လှုပ်ဟကာမနည်း အသက်ရှူနေရသော ပါးစပ်လေး လှုပ်ခတ်မှုမရှိတော့။ အားလုံး ငြိမ်သက်တိတ်ဆိတ် သွားပြီ။ ကဲ လူတွေပြောကြတဲ့ ကင်ဆာရောဂါသည်တွေ သေခါနီးရင် အော်ဟစ်နေရတယ် ဆိုတဲ့စကား ဘယ်မှာ ဟုတ်လို့ပါလိမ့်။

သူ မသေချင်သော ဆေးရုံမှာလည်း မသေ၊ သူ သေချင်သော သူ့ အိမ်သူ့အိပ်ရာလေးမှာပဲ သေ ခဲ့ရ။

အားလုံးက မဖြစ်စေချင်တဲ့ သွေးယိုထွက်မှုတွေလည်း မတွေ့ရ။ သေခါနီးမှာ အော်ဟစ်ဆူပူငိုကြွေးမှုတွေလည်း မရှိပါပဲ ကျွန်မတို့ရဲ့ ချစ်လှစွာသောမိခင်ကြီး ငြိမ်းချမ်းစွာ ကွယ်ပျောက်ခဲ့ပါပြီ။ ကျွန်မတို့မောင်နှမတွေ ရုတ်ချည်းမငိုမိကြပါ။ ကိုယ်ငိုချလိုက်လျှင် အမေ့ငြိမ်းချမ်းမှုလေး ပျောက်သွားမှာကို စိုးရိမ်နေသည်။


စောင်ဖြူဖြူလှလှလေးကိုခြုံကာ ပီဘိငြိမ်းချမ်း သောမျက်နှာလေးနှင့် လဲလျောင်းနေသော အမေ့ခုတင် ဘေးထိုင်ကာ အမေ့မျက်နှာကို တစိမ့်စိမ့်ငေးရင်း အားပါး တရမျက်ရည်များကျဖြစ်ခဲ့သည်။ အမေ ငြိမ်းချမ်းသွားလေပြီ။

ကြွေးဟောင်းများကို ဒီဘ၀မှာ အကုန်ချေကာ ကြွေးသစ်မယူဘဲ ဘ၀ကူး ပြောင်းသွားသော ကျွန်မတို့ရဲ့ အမေ အမှန်တကယ်ငြိမ်းချမ်းသွားခဲ့ပါပြီ။ ၀မ်းသာရပါသည် အမေ။

ထို့အတူ ၀မ်းနည်းပါသည် အမေ။ ဘ၀ အသစ်မှာ ပြည့်စုံသော ပျော်ရွှင်မှုအသစ်တွေနဲ့ အမေပျော်နေမယ်ဆိုရင်ဖြင့် ကျွန်မတို့ အမေနှင့်ခွဲရကျိုးနပ်ပါပြီ။

credit : ရွှေအမြူတေ မင်္ဂဇင်း မှ စာရေးဆရာမ – မီမိုး ရဲ့ အမေ့မှတ်တမ်း

Gleneagle Hospital @ Singapore

မေမေ အသည်း အစားထိုး လဲပီး ကာစ … Graneagle Hospital မှာ 2006 Sep ~ Oct ရက်တွေက ….

အသည်းအစားထိုးပီး တဲ့ လူတွေ လုပ်ရတဲ့ လေမှုပ် လေ့ကျင့်ခန်းမှာ သုံးတဲ့ ကိရိယာ

ဆေးရုံကို လာပီး အားပေးနေကြတဲ့ မိသားစု – ဖေဖေ၊ ဖိုးသား (မြေး)၊ မမိုး (သမီးအကြီး)

Home Sick

Miss you, Mae Mae.

မေမေ့ကို အရမ်းသတိရလိုက်တာ ….